Monday, February 2, 2009

ရင်ခုန်သံတစ်စုံ ရွှေချိန်ခွင်နဲ့ မလဲနိုင်

ကျွန်တော်လား …၊ ကျွန်တော်က ဂျိုကာလေ ..။အားလုံးနဲ့ အဆင်ပြေတယ် ..။ သူငယ်ချင်းတွေလည်း အများကြီး…..။ သူငယ်ချင်းတွေအားလုံးကိုလည်း ချစ်တယ်..။ ကျောင်းမှာရည်းစားရှိတဲ့သူတွေ မြင်ဖူးတယ်..။ တန်ဖိုးရှိတဲ့ ကျောင်းသားဘ၀ကို နှစ်ယောက်တည်းနဲ့  အချိန်ဖြုန်းနေတာ သိပ်သနားမိတယ်..။ ရည်းစားရပြီး သူငယ်ချင်းတွေနဲ့  ပိုဝေးသွားတတ်တာမျိုးကို မြင်နေရတော့ ရည်စားထားဖို့  စိတ်တောင်မကူးမိဘူး….။ (တခါတလေတော့လည်း လိုချင်သလိုလိုဖြစ်မိသား ဗျ )…..။ကျွန်တော်က နှစ်ခြင်းခရစ်ယာန် တစ်ယောက်ပါ … ဒါကြောင့် ကျောင်းက UCF ( University Christian Fellowship) ရဲ့  အစီအစဉ်တွေမှာ ပါဝင်ဖြစ်တယ်ဆိုပါစို့  …။ အဲဒီအစီအစဉ်တွေထဲမှာ နွေရာသီလုပ်အားပေး သွားရတဲ့  Work Camp ကို အကြိုက်ဆုံးပါပဲ ….. ။တနိုင်ငံလုံးကျောင်းပေါင်းစုံက သူငယ်ချင်းတွေ တနေရာတည်းမှာ လုပ်အားဒါနပြုရလို့  … အရမ်းပင်ပန်းသော်ငြား...၊. နေပူထဲမှာ ပေါက်တူးပေါက်နေရပေမဲ့  သိပ်ပျော်ခဲ့တယ် … ကျွန်တော်တို့  မအူပင် UCF လေးက အဲလိုခရီးတွေသွားပြီး ပိုရင်းနှီးလာတယ် …၊ တသားတည်းဖြစ်လာတယ် …. ။ မဖြစ်သယောင်နဲ့  ခပ်လှမ်းလှမ်းမှာ တစ်ကိုယ်တည်းရပ်တည်နေတဲ့သူ တစ်ယောက်တော့ရှိတယ် ….။ .. ကောင်မလေး လို့ ပဲ ခဏခေါ်ရအောင် ..။အပေါင်းအသင်းနည်းလွန်းပြီး ယောက်ကျားလေးသူငယ်ချင်း မရှိသောသူမနှင့် ကျွန်တော့်ရဲ့ ပက်သက်မှု အစက သိပ်မထူးဆန်းပါဘူး …။ သူမမှာ 10 တန်းကတည်းက ရည်းစားရှိနေပြီ …။ သူ့ ရည်းစားက မကြာခဏ လာတွေ့ တတ်သည် ..။ ကျောင်းမှာ သူကို သဘောကျသော သကောင့်သားများစွာရှိပါသည် ..။ အဲသည်အထဲတွင် ကျွန်တော်မပါဝင်ခဲ့ရိုးအမှန်ပါ …။ ကျွန်တော့်အမြင်မှာ သူသည်အရမ်းလှသော/ထင်ပေါ်သော ကျောင်းသူစာရင်းတွင် မပါဝင်ပါ…။ အရပ်လည်းပုသည်..။ ၀တ်စားဆင်ယင်မှု ရိုးစင်းပြီး စကားအပြောအဆို ချိုသာ ပြေပျစ်မှု ကင်းသည် ..။သူ့ ကို သဘောကျသော ကျောင်းသားများစွာသည် သူ့ တွင်ရည်းစားဦးရှိနေသည် / သူတို့ ဘယ်မျှချစ်ကြသည်ကြေငြာသောငြား လုံးဝ ဂရုမစိုက်ကြပါ …။သူမ ၏ အပေါင်းသင်းနည်းခြင်း၊အေးစက်စက် မျက်နှာပေး (ကျွန်တော်ကတော့ ထုံပေပေဟု မြင်သည်) ..၊ တခါတရံ မလိုလားအပ်ဘဲ တင်းထားသောမျက်နှာနဲ့  တည်ငြိမ်မှုတို့ ကြောင့် သူနားကပ်ဖို့  မည်သူမျှ မစွမ်းနိုင်ခဲ့ပါ…..။မိန်းခလေးချင်းပင် အထာကိုင်သည်ဟု အမြင်စောင်းခံရသူပေတည်း …။တိုတိုပြောရရင် သူမကို ဘုရားကျောင်းတက်ဖို့  UCF တွင်ပါဝင်ဖို့  ကျွန်တော့်ကို UCF မှမောင်နှမများက တာဝန်ပေးလာခဲ့ပါတယ် ..။ တကယ်တမ်း သူမကိုသွားခေါ်တော့ ပထမ ငြင်းပါသည် …။ ဘာလို့  မပါဝင်လဲ ..ဘုရားရှိခိုး မသွားတာလဲ လို့ မေးမိတော့ သူမက ….. “အဖော်မရှိလို့ ပါ” ..တဲ့လေ … “ငါ .. ရှိတယ်လေ ..ငါ နင့်ကိုလာခေါ်မယ် .. ပြန်ပို့ ပေးမယ်” … ကျွန်တော်က ပုံမှန်ပဲပြောတာပါ … ဒါပေမဲ့  ကျွန်တော် သူမကို ဘုရားကျောင်းသွားစေချင် …၊ သူငယ်ချင်းတွေနဲ့  ကျွန်တော့်လို ပဲ ပျော်စေချင်တယ် …။ စိတ်စေနာရဲ့  လှုံ့ ဆော်မှုကြောင့် အနည်းငယ် အားတက်သရော ဖြစ်ကောင်းဖြစ်နိုင်ပါတယ် … ။ အင်မတန် လက်ပေါက်ကတ်အောင် ပြောရခက်/ဆက်ဆံရခက်မယ်ထင်ထားပေမဲ့  စကားအခြေအတင် အများကြီး မပြောရဘဲ သူလက်ခံခဲ့ပါသည် ..။ ကျွန်တော်ပျော်သည် ..။ ကျွန်တော့် အပျော်တွေ သိပ်ရိုးသားတယ် ဆိုတာတော့ ၀န်ခံပါတယ် … ကျွန်တော် ဖြူသလို သူလည်း ဖြူ ပါတယ်ဗျာ ……..။ကျွန်တော် တနင်္ဂနွေမနက် ဘုရားကျောင်းသွားဖို့  စက်ဘီးနဲ့ သူ့ အဆောင်ရှေ့ ရောက်နေတတ်တယ် …၊ အင်္ဂါညနေမှာ သီချင်းတိုက် …ဗုဒ္ဓဟူးညနေမှာ UCF ၀တ်ပြုခြင်းတွေတော့ တကူးတက သွားမခေါ်ဖြစ်ဘူး .. ကျောင်းထဲမှာတင် ပြုလုပ်တာမို့  အဖော်လည်း မလိုအပ်ဘူးလေ …။ ဒါပေမဲ့  လာဖြစ်အောင်လာဖို့ တော့ အဲနေ့ တွေမှာ သူ့ ကို လမ်းမှာစောင့်ပြောတာမျိုး … အဆောင်ရှေ့ ကဖြတ်ရင်း သူ့ ကိုလှမ်းပြောတာမျိုး …။ နောက်ပိုင်း ရင်နှီးမှုလေးတိုးတက်လာတယ်ဆိုပါစို့  …။ ယောက်ကျားလေး သူငယ်ချင်း ဆိုလို့  သူ့ မှာ ကျွန်တော် တစ်ယောက်တည်း ရှိခဲ့တာပါ …။ ကျွန်တော့်ကို သူယုံလို့ပေါ့ ..။ သူနဲ့ စကားတွေ ပြောဖြစ်တယ် ..။ လမ်းတစ်လျှောက် စက်ဘီးနင်းရင် သူပြောတဲ့ သူ့ မိသားစု ၊ သူ့ ရည်းစား ၊ သူ့ ရဲ့ အကြောင်းလေးတွေ နားထောင်ဖြစ်ရင်း သူ့ ကို နားလည်လာတယ် ..။ တကယ်တော့ သူက အနေအေးတာပါဗျာ ..။ကျွန်တော် အဆောင်က ထမင်းကျွေးတယ် ..နောက်ပိုင်း မကျွေးတော့ဘူး .အဆောင်ရဲ့  ၀န်ဆောင်မှုညံ့လို့ သူငယ်ချင်းတွေကလည်း အဆောင်ပြောင်းသွားတဲ့အထိ…. ဒါကြောင့် အနီးဆုံး သူတို့ အဆောင်က ဖွင့်တဲ့ ထမင်းဆိုင်မှာ စားဖြစ်တယ် ..။ ကျွန်တော် ဘယ်တော့မှ မမေ့တာလေ.. ကျွန်တော် ထမင်းစားနေတုန်း သူ့ အိမ်ကထည့်ပေးလိုက်တဲ့  ငါးခူကြော်အကြီးကြီးတစ်ကောင် လာထည့်ပေးသွားတာ…။ ရင်ထဲမှာ နွေးထွေးတယ်လို့  ယူဆတယ် …။သူလည်း ဘော်ဒါစိတ်လေးရှိတယ်ဆိုတာ သိလာတယ်..ဘော်ဒါ ဆိုတာ ရှိတာကို မျှဝေခံစားတတ်တဲ့ လူတန်းစားလို့  ကျွန်တော်ခံစားရတယ်..။သူ့ ရည်းစားလာလည်တော့ မိတ်ဆက်ပေးပါတယ်..။ တချို့ က ပြောတယ် ..။ “ကောင်မလေး နှမြောလိုက်တာ...သူ့ ရည်းစားက မင်းလောက်ချောရင် မပြောပါဘူး” ….. တဲ့  …။ တဖြည်းဖြည်းနဲ့  လူမြင်ကွင်းမှာ အသွားအလာလေးတွေ ပိုများလာတယ် ..။ ဘုရားကျောင်းတင် မကတော့ဘူး ..၊ လမ်းမှာ ကြုံလို့  လိုက်ပို့ လိုက်တာမျိုး ..၊ ကျူရှင်လိုက်ပို့ တာ ..၊ သူနေမကောင်းလို့  ဆေးခန်းလိုက်ပို့ တာ …၊ ဘာဖြစ်တယ်မသိပါဘူး ကျွန်တော်ကလည်း Private ဖယ်ရီ အရမ်းလုပ်ချင်နေမိသလိုပဲ ..။ဒါပေမဲ့  တခြားသူငယ်ချင်း မိန်းခလေးတွေလည်း ကူညီနေကျပဲ … ၊၊ယောက်ကျားလေးဘော်ဘော်တွေက ပြောမနေနဲ့  သူတို့ ပိုက်ဆံမရှိရင် ကိုယ့်မှာမရှိတာတောင် လိုက်ချေးငှားပေးတာ …။ အဲလောက် အပေါင်းအသင်မင်တဲ့ကောင်မို့  သူမ အပေါ် ကျွန်တော် သဒ္ဒါပိုတာ မည်သူကမျှ သံသယ မရှိသလို ..၊ ကျွန်တော်ကိုယ်တိုင်လည်း သူမကိုမှ ပိုနေပါတယ်ဆိုတာ ၀န်မခံလို ပါဘူး ..။တစ်ခုသော သောကြာညနေ ကျောင်းဆင်းတော့ သူရန်ကုန်ခဏပြန်သွားတယ် .. ထိုသီတင်းပတ်ရဲ့  တနင်္ဂနွေမနက် မှာ ဘုရားကျောင်းကို သူမပါဘူး …… ရင်ထဲမှာ တမျိုးကြီးပဲ … ၀မ်းနည်းသလိုလို ..။ ဘုရားသခင်ရယ် သူ့ ကို တနင်္ဂနွေမနက်အမှီ ပြန်ပို့ ပေးပါလို့ တောင် ခလေးဆန်ဆန်ဆုတောင်းမိသေးတယ် …။ ဒါလည်း ကျွန်တော် စိတ်ကို သံသယ မဖြစ်မိပါ ..။ဘာကြောင့်လဲဆိုရင် ကျွန်တော့်အရမ်းခင်တဲ့သူငယ်ချင်းတွေ အိမ်ကိုပြန်ရင် တနင်္ဂနွေညနေဆို မအူပင်တံတားအောက်ခြေမှာ မြို့ ထဲကားအ၀င်ကို သွားစောင့်နေကြ ..၊ ကျွန်တော်ကိုက မနေတတ်ဘူး …၊။ ခုပြန်တွေးမိတော့ အဲဒီတုန်းက ကျွန်တော့်ကို အဲလို လာစောင့်နေပေးတဲ့  သူငယ်ချင်း တစ်ယောက်မှ မရှိခဲ့ဘူး ….. ခုမှ မျက်ရည်လည်၇ကောင်းမှန်းသိတယ်…။ကျွန်တော်တို့  မအူပင်ကျောင်းစတက်စဉ်က ဆိုင်ကယ်ခေတ်မစားသလို … ကိုယ်ပိုင် စက်ဘီးလည်း ကျောင်းသားတိုင်း ယူမလာကြပါဘူး ..။ ဒါကြောင့်  စက်ဘီးအငှားဆိုင်တွေ စီးပွားဖြစ်ကြသည်..။ ကျွန်တော် သူ့ ကို သွားခေါ်ရင် အငှားဘီးနဲ့  .. ကျသင့်ငွေကို သူ ပေးနေကြ … မပြောပလောက်တဲ့ ငွေဆိုပေမဲ့  ကျွန်တော် လုမရှင်းပါဘူး …(ဖွန်ကြောင်တယ်တော့ ထင်ခံရမှာ ကြောက်တယ် ) ..။ နောက်ပိုင်းခရီးစဉ်က စိတ်လာတော့ ကျွန်တော်က သူ့ မုန့် ဖိုးအလဟသ၁ ကုန်မှာစိုးလို့  သူငယ်ချင်းရဲ့  စက်ဘီးကိုယူထားလိုက်တယ် … ထိုသူငယ်ချင်းနဲ့ ကျွန်တော်က သိပ်ချစ်တာ ..။ ထုံးစံအတိုင်း တစ်ခုသော တနင်္ဂနွေမနက်မှာ … သူငယ်ချင်းရဲ့ ဘီးလေးနဲ့  သူကို သွားခေါ်တယ် ..။ ဘီးက နဲနဲလေးမြင့်တယ် .. သူကလည်း အရပ်ပုတယ် ..။ ကျွန်တော်က တက်လေလို့ သူ့ ကို ပြောတော့ ……. သူမထံက ညည်းသံလေးထွက်လာတယ်… “စက်ဘီးကလည်း မြင့်လိုက်တာ” …တဲ့  …နောက် ကျွန်တော့် ပခုံး ကိုလှမ်းကိုင်ပြီး စွေ့ ခနဲ တက်ထိုင်လိုက်တယ်…။အဲဒီမှာ စတာပဲ …။ကျွန်တော့် ရင်ဘတ်ကို တစ်စုံတစ်ခုလာစောင့်သလို ဒိန်းခနဲ ဖြစ်သွားတယ် …။မှန်တာပြော ချမ်းသာရပါစေနဲ့ .။ တခါမှ အဲလိုမကြုံဖူးရိုးအမှန်ပါ ….။ နောက်ပြီး မိုက်ခနဲ ဖြစ်သွားတယ် (ဘာနဲ့ တူသလဲဆိုရင် တခါတရံ သွေးအားနည်းတဲ့ အခါ ထိုင်ရာကနေ ဆတ်ကနဲ ထလိုက် ပျာသွားသလိုမျိုး ပေါ့) …။ နောက်ပြီး ရင်ထဲမှာ လှပ်လှပ်နဲ့  ကတုန်ကရင်နဲ့ မောနေတာမျိုး ခံစားရတယ် ….. .။ကျွန်တော် ကြောင်ပြီးရပ်နေမိတယ်…။ သူကသွားတော့လေ ဆိုတော့မှ အသက်ကိုဝအောင်ရှူပြီး ဆက်နင်းလာပေမဲ့  စိတ်တွေက လေထဲက တိမ်တွေလို လွင့်နေတယ်..။အပြန်ကျတော့ မိုးတွေရွာလိုက်တာ သည်းလို့ … ။သူက မိုးကာအင်္ကျီနဲ့  ထီးပါပေမဲ့  နှစ်ယောက်လုံး မလုံခြုံခဲ့ပါဘူး …. ကျွန်တော်လေ သိပ်ပျော်တာပဲဗျာ …။ကျွန်တော် သွေးသား သောင်းကျန်းတဲ့ ကောင် မဟုတ်ရိုးအမှန်ပါဗျာ … ။တခြားသူတွေနဲ့  ဒီထက်ပိုတောင် ဖက်လဲတကင်းနေဖြစ်ပါသေးတယ် ..။ အတွေ့ အထိ ဆိုတာ ကို သူ့ နေရာနဲ့ သူ ခွဲခြမ်း ခံစားနိုင်တဲ့သူပါ..။ ဒါက ရင်ခုန်တာလို့ ပဲ မြင်ပေးပါ …။ သိပ်ကိုလှပြီး တန်ဖိုးရှိတဲ့  အရာပါ ..။အဲဒီနောက်ပိုင်း ကျွန်တော်တို့  ဆက်ဆံရေးပြောင်းလဲလာတယ် ….။ သူက စပြောလာတယ် “တချို့ လူတွေရဲ့  အကြည့်တွေကတမျိုးပဲ” …တဲ့ ..။ပတ်ဝန်းကျင်အမြင်မှာ ကျွန်တော့်ကလူပေါင်းစုံနဲ့  သွားနေကျမို့  မထူးဆန်းပေမဲ့  သူ့ အတွက် တော့ အမြင်ဆန်းနေမှာပါပဲ ..။ ကျွန်တော် ပတ်ဝန်းကျင်ဆိုတာကို ဂရုစိုက်ဖို့  သူ့ အတွက်မစဉ်းပေးမိတဲ့ အပြင် သူ့ ကို ဖွင့် ဟမိတယ် …တည့်ကြီးတော့မဟုတ်ဘူးပေါ့ဗျာ …။ စာလေးမှာ ဘယ်လောက်ခင်တယ်ဆိုတာနဲ့  လက်ဆောင်ပေါ့ ..။ကျွန်တော် သိပ်တုံးပါတယ်..။ ကျွန်တော်တို့  အနေအထားက စာမှပေးစရာမလိုတာ …။ ပြီးတော့  သူငယ်ချင်းတွေနဲ့ တိုင်ပင်ဖို့ လည်း အင်မတန် ရှက်တယ်..။ကျွန်တော် အမျိုးမျိုး စဉ်းစားခဲ့တာပေါ့ဗျာ ..။ ငါ့အပေါ် အယုံကြည်မဲ့ သွားမလား … ခင်မင်မှုကို အခွင့်ရေးယူတယ်လို့  ထင်သွားမလား ….. ။ ရည်းစားဦးကလွဲရင် ဘယ်သူမှ နောက်ထပ်မရှိနိုင်ဘူးလို့  ကြွေးကြော်ခဲ့တဲ့  သူမရဲ့  သစ္စာတရား နဲ့  ပတ်ဝန်းကျင်မှာရပ်တည်ရမဲ့  သူမရဲ့ သိက်ခါတရား …။နောက်ပြီး ကျွန်တော်က ဘာသာရေးကို ခုတုံးလုပ်တဲ့ကောင် များ ဖြစ်နေမလား …….။ဒါပေမဲ့  ကျွန်တော် ဆက်ပြီးတော့ မြိုသိပ်ထားနိုင်စွမ်း မရှိတော့ဘူး ….. .။လေးလေးနက်နက် ရင်ခုန်မိတာ အပြစ်များလား ..။သေချာတာ သူမဘက်က ဘယ်လိုမှ မဖြစ်နိုင်တာပါပဲ ….။အကျိုးဆက်က သူ့ သူငယ်ချင်း(ကျွန်တော်နဲ့ငယ်ငယ်တည်းက ပြောမနာဆိုမနာ ခင်တဲ့ကောင်မလေး ) နဲ့ လက်ဆောင်နဲ့စာတွေ ပြန်ပေးခိုင်းတယ် … ပြီးတော့ ထိုသူငယ်ချင်းမက ကျွန်တော့်ကို ချိုးချိုးနှိမ်နှိမ် လက်ညှိုးငေါက်ငေါက်ထိုး ကျွန်တော်အဆောင်ရှေ့ မှာ လာရန်တွေ့ တာ ..။ ပတ်ဝန်းကျင်မှာ ဘယ်သူမှာမရှိပေမဲ့  ..သူ့ ဘေးမှာ ကျွန်တော့်မရင်းတဲ့ကျောင်းသူ တစ်ယောက်ပါလာသေးတယ် …။ရှက်လိုက်တာဗျာ …။မျက်ရည်တွေ ဝေ့လာပေမဲ့  ကျွန်တော်မငိုမိဘူး ..။ သူငယ်ချင်းမက ပြောသွားတာ …အများကြီးထဲမှာ မှတ်မိတာဆိုလို့  “ငါကတော့ ငါ့သူငယ်ချင်းက ဒီလိုလူစားမဟုတ်ဘူးလို့ သာ သူ့ ကို ငြင်းတာ …. နင့်စာက အဲလို ဖြစ်နေတယ်လေ … ညက သူငိုတယ်……” ….တဲ့  …………။မယ်မင်းကြီးမရန်ထောင်လို့ ဝတော့ ပြန်သွားတယ်…။ ကောင်မလေးရယ် အဲညက တညလုံး ငါငိုနေခဲ့တာတော့ ဘယ်သူမှ မသိလိုက်ပါဘူးကွယ်..။ ကျွန်တော်လေ သူ့ ကို ရင်ခုန်မိတာမှားလား …။ရင်ခုန်တာမမှားဘူးဆိုရင် ဆက်ပြီး မြိုသိပ်မထားမိတဲ့ ကိုယ့်ကိုယ်ကို အရမ်းမုန်းမိတယ် …။ရှက်ရွ့ံ့သိမ်ငယ်စိတ်တွေနဲ့  အားငယ်မိတယ် ..။ သူကို မလှမ်းမကမ်းက မြင်ရင် တိုင်ကွယ်ပြီး ကြိတ်ငိုမိတယ်..။တကယ်ပြောတာ ကျွန်တော်လေ သူ့ ကို အရမ်း …….……….. ။အမှတ်မထင် လမ်းမှာတွေ့ တော့သူက မျက်နှာလွဲသွားတယ်ဗျာ ……..။ကျွန်တော့် ရင်ထဲကိုအောင့်သွားတာပဲ ..။ကျောင်းဆက်မတက်ဘဲ အဆောင်ကိုပြန်လာလိုက်မိတယ် …။ ခုတင်ပေါ်မှာ မှောက်ပြီး ငိုမိတယ် ..။ သူကျောင်းသွားရင် ကျွန်တော်အဆောင်ရှေ့ က ဖြတ်သွားမှ ကျောင်းကိုသွားလို့ ရတာမို့  …. သူ မမြင်စေချင်တဲ့သူနဲ့  သူမတော်တဆတွေ့ မိမှာစိုးလို့  ကျွန်တော်အဆောင်ပြောင်းဖို့  လုပ်ခဲ့တယ် …။ ထမင်းကို တခြားဆိုင်ပြောင်းစားခဲ့ပါတယ်…။ကိုယ့်ကိုယ်ကို မလုံမလဲစိတ်/ရှက်ရွံစိတ်၊ကျွန်တော်ရှိလို့  သူဘုရားကျောင်းမသွားဘူး ဖြစ်မှာစိုးလို့  ဘုရားကျောင်းလည်း မရောက်ဖြစ်တော့ပါ ……….။ (သူလည်းသွားတယ်လို့  မကြားမိပါ)တရက်သူမနဲ့  လမ်းမှာ မျက်နှာချင်းဆိုင်ဆုံတော့ မျက်နှာတည်တည် နဲ့  အဆောင်မပြောင်းဖို့ ..၊ လက်ရှိစားနေကျ ဆိုင်မှာပဲ ထမင်းစားဖို့  …၊ ဘုရားကျောင်းလည်းတက်ဖို့  မျက်နှာတည်တည်နဲ့ မှာတယ်…။သူ့ လေယူလေသိမ်း နဲ့ သူစကားတွေအရ သူဆိုလိုတာက အမြဲတမ်းပျော်ရွှင်နေတဲ့ ကျွန်တော်က သူအတွက်နဲ့  အဲလို ထိခိုက်သွားတာမျိုး ၊ သူ့ ပယောဂ မပါစေလိုတာမျိုး ကိုရည်ညွန်းမှန်း သဘောပေါက်တော့ ပိုဝမ်းနည်းမိပါတယ် …။ထိုအချိန်မှာ ကျွန်တော့်အဖေ အသည်းအသန်ဖြစ်လို့  ရန်ကုန်မကြာခဏပြန်ရင်း အဖေ့ကိုပြုစုရင်း ကျောင်းပျက်ရက်တွေလည်း အင်မတန်များလာခဲ့တယ်…။အဖေက ကင်စာလို့ သိပြီး သုံးလနေပြီးတော့ ဆုံးသွားတယ် …။ကျွန်တော်လေ အဲဒီအချိန်မှာ ရင်ထဲမှာ ကဘာပျက်နေတာ …မွန်းကြပ်နေတာ … အဖေနဲ့ ကလေ တသက်လုံးမှာမှ တစ်နှစ်ကျော်ရုံလေး အတူနေခဲ့ရတာ ….။ကျွန်တော့်  အဖေ့ကို ချစ်တယ်လို့  တခါမှ မပြောဖြစ်ခဲ့ဖူးဘူး ….။ ထိုနည်းတူ သူမကို လည်း ချစ်တယ် လို့  ကျွန်တော် မပြောဖြစ်ခဲ့ပါ ..။အဖေ့ဈာပနပြီးတာနဲ့  ချက်ခြင်းဦးလေးတစ်ယောက်ခေါ်ပြီး မအူပင်ပြန်လာတယ် …ဆက်နေချင်ပေမဲ့  ကျောင်းပျက်ရက်တွေများလွန်းနေပြီ … (တကယ်ဆို ဆရာမတွေကောင်းလွန်းလို့  စာမေးပွဲဖြေခွင့်ရတာ) …။ရောက်တာနဲ့  10လကျော်လောက်နေခဲ့ အိမ်ကြီးကို နှုတ်ဆက်ခဲ့တယ်…။တခြားပြောင်းတယ်..။ အဲဒီနောက်ပိုင်း ကျွန်တော့်စိတ်တွေ လွင့်နေလိုက်တာ အကြာကြီးပဲ … ။ဘာရယ်မဟုတ်ဘူး မိုးရွာထဲမှာ တစ်ယောက်တည်း စက်ဘီးလျှောက်စီးရတာကို ချစ်လာတယ် ...။နောက်ပိုင်း ကျွန်တော်က GTI စာမေးပွဲကျတယ်. … သူက B-tech ပါပေမဲ့  လာပြန်မတက်တော့ဘူး …။လောကမှာလေ သိပ်အချစ်ခံချင်တဲ့ လူက များပါတယ်ဗျာ ….။ ကျွန်တော် ကတော့  ကိုယ်ချစ်တဲ့သူတွေကို ချစ်ပါတယ်လို့ တောင် ပြောခွင့်မရခဲ့ပါဘူး …ဗျာ ။ …ကိုးနှစ်ကျော်ခဲ့ပြီ …။ သူမကတော့ ကလေးတွေတောင် ရနေပြီလို့ ကြားတယ် …. ။ ကျွန်တော်ကသာ ခုချိန်ထိ …………………။ သူမကိုကျေးဇူးတင်နေတာက …… ကျွန်တော် နောက်ပိုင်းမှာ မြိုသိပ်လာနိုင်ခဲ့တယ်….။ခုချိန်မှာ သူမ ကျွန်တော်ရင်ထဲမှာ မရှိသင့်တော့လို့ မရှိတော့ပေမဲ့ လည်း ………….. ။အချစ်ဆိုတာ ဘာလဲ …….. ။ ကျွန်တော်မသိပါ ..။ ရင်ခုန်မိတာအချစ်လား …ဒါဆိုရင်တော့ အချစ်ဆိုတာ ကျွန်တော့်အတွက်တော့် အရွယ်မတိုင်ခင်ကတည်းက သင်းသတ်ခံလိုက်ရတဲ့သတ္ထ၀ါတစ်ကောင်လိုပါပဲ….လေ ..။

No comments: